အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်




ကျွန်တော် မျက်လုံးပွင့်လာတော့ ငယ်က ကျွန်တော့်ကို ပြုံးပီးကြည့်နေတယ်။ 

နင် မူးပီးအိပ်သွားလို့ ငါထိုင်စောင့်ပေးနေတာတဲ့။ ပွနေတဲ့ ဆံပင်အုံထူထူကြားထဲကို သူ့လက်‌ချောင်းဖြူဖြူသွယ်သွယ်လေးနဲ့ ထိုးဖွရင်း ထထ ငါတို့ တစ်နေရာသွားမှရမယ်။ ဆိုင်က ခဏနေရင် တကယ်ပိတ်တော့မှာ။ နင်အိပ်ပျော်သွားလို့ ဆိုင်ကိုခဏ ဆိုပြီး ပြောထားရတာ။ ခဏလေး ငါ့ကို စောနကလို ပြန်ကြည့်ပါလား။ နင့်မျက်လုံးတွေက သိပ်လှတာပဲ။ ငယ်က မျက်စောင်းထိုးရင်း စောက်မူးရေ ထ ပါတော့ဟ။ ဆိုင်ကို အားနာစရာကြီး။ 

ကျွန်တော်လည်း အိမ်သာထဲသွားပီး လက်ထိုးအန်လိုက်တယ်။ ဆိုင်က ထွက်တော့ ဆယ့်နှစ်ခွဲလောက် ရှိနေပြီ။ ငယ် ငါ ထပ်သောက်ချင်သေးတယ်ဟာ။ 

ဒီအချိန် ဆိုင်တွေ ပိတ်ကုန်ပီပေါ့။ နင် ဘယ်မှာ ဝယ်မှာလဲ။ လာလာ ငါသိတဲ့ဆိုင်ရှိတယ်။ ဆိုင်ကယ်ကို ဆိုင်ရှိတဲ့ နေရာကို ဦးတည်လိုက်တယ်။ 

ဒီမြို့‌ လေးကို ကျွန်တော်ခဏခဏ ရောက်တယ်။ စိတ်ထဲ မွန်းကျပ်လာပြီဆိုရင် လွယ်အိတ်ထဲ အဝတ် နှစ်ထည် သုံးထည်လောက် ကောက်ထဲ့ပီး ထွက်လာ‌လေ့ရှိတယ်။ ထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ်လို *အပြာရောင် ကျောပိုးအိတ်ကို လွယ် ဒဏ်ရာ အဟောင်းလေးကို ထည့်* ဆိုတဲ့ စာသားလိုတော့ မဟုတ်ဘူး။ မြို့ပြရဲ့ မွန်းကျပ်မှုတွေကို အဝေးပြေးကားထွက်တာနဲ့ လက်ခလယ်ထောင်ပြဖို့ အတွက်ပဲ။ 

ငယ်နဲ့က ကျွန်တော့်ဘော်ဒါ မိတ်ဆက်ပေးရင်းသိတယ်။ ကျွန်တော် ဒီမြို့လေး ရောက်နေတယ် ပြောလို့ သူ့ရဲ့ တောင်တန်းတွေ ရှိတဲ့ မြို့ကနေ အပြေးဆင်းလာတွေ့တာပဲ။ 

ဆိုင်ကယ်မောင်းနေရင်းနဲ့ သူက ကျောကို ကိုက်တယ်။ ခွေးမလေးရေ နင်ဆက်ကိုက်မယ် ဆိုရင် ဆိုင်ကယ် ရပ်ပီး လမ်းလျှောက် တော့မှာနော်။ နင် ရပ်ရဲလို့လား တဲ့ သူကလည်း မခေဘူး။ 

အိုကေ ဆိုင်ကယ်ကို လမ်းဘေးရပ်ပီး ကျွန်တော် လမ်းဆင်းလျှောက်တယ်။ သူလိုက်လာမှာပဲ ထင်တာ။ ခဏနေလို့ လှည့်ကြည့်လိုက်တော့ သူက ဆိုင်ကယ်ဘေးလေးမှာပဲ ရပ်ကျန်နေခဲ့တာ။ 

အဲ့မြင်ကွင်းကို ကြည့်ပီး ကျွန်တော် ဆွေးသွားတယ်။ 

လရောင် အောက်မှာ အဖြူရောင် T Shirt လေးနဲ့ ရပ်နေတဲ့ ကောင်မလေး တစ်ယောက်။ 

စိတ်ကျဉ်းကျပ်လို့ ထွက်လာချိန်မှာ တောင် ဒီမြင်ကွင်းက ကျွန်တော့်ကို တော်တော်ဆွဲဆောင်နိုင်သေးတယ်။ ဆိုင်ကယ် ရှိတဲ့နေရာအထိ လမ်း‌ပြန်လျှောက်တယ်။ ဆိုင်ကယ်နားရောက် တော့ သူက ငိုမဲ့မဲ့နဲ့ တစ်လုံးချင်းပြောတယ်။ 

*နင် တကယ်လုပ်တယ်နော်* 

အမျိုးသမီးတွေ ရဲ့ မျက်ရည်ဟာ သိပ်စွဲဆောင်နိုင်တယ်။ Sorry ဟာ နင်လိုက်လာမယ် ထင်လို့။ ငါ နောက်မလုပ်တော့ဘူးနော်။ လာလာ သွားရအောင် ဆိုပီးဆိုင်ကယ်ကို ပြန်နှိုးတယ်။ 

ဆိုင်ရောက်တော့ ဆိုင်က ပိတ်နေပြီ။ ဦးလေး အန်တီ ကျွန်တော် နောက်ကျ ပါဗျ။ ဘီယာ နည်းနည်း ဝယ်ချင်လို့ ပါ။ ဖျက်ကနဲ မီးလုံး ပွင့်ပီး ဆိုင်ရှင် အန်တီထွက်လာတယ်။ ခွေးသားလေး လာလိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ။ လာလာ ဝင်ယူ ဆိုပီး ဆိုင်ထဲ ခေါတယ်။ 

အန်တီနဲ့ဦးလေးက ကျွန်တော့်ကို နောက်ကျပီး မူးကွဲ ချိန်တွေမှ လာလာဝယ်တတ်လို့ မောင်နောက်ကျ လို့ နာမည် ပေးထားတာ။ သူတို့က လင်မယား နှစ်ယောက်ထဲ နေတာ။ မနက်ပိုင်း တွေ အမူးပြေပီး ဘယ်မှ သွားစရာ မရှိရင် သူတို့ ဆိုင်လာပီး ဈေးကူရောင်းပေးနေကျ ဆိုတော့ သူတို့ သားလို ကို ဖြစ်နေတာ။ 

ကဲ ပြော ဘာယူမှာလဲ။ အန်တီ ကျွန်တော်က ထုံးစံအတိုင်း Corona ၂ လုံး သံပုရာသီး ရှိရင်လည်း လက်ဆောင်ပေးပါနော်။ အေး ရှိတယ်။ အိမ်ထဲကရေခဲသေတ္တာထဲမှာ ကိုယ့်ဘာသာတက်ယူ

သူက ဘယ်သူလဲ။ ငယ်တဲ့ ကျွန်တော့်သူငယ်ချင်း။ သူက Heineken ကြိုက်တယ်။

လိုချင်တာတွေ ဝယ်ပီး ဆိုင်က ထွက်တော့ တစ်နာရီ ဆယ့်ငါးမိနစ်လောက် ဖြစ်နေပြီ။ မြို့လေးတွေရဲ့ ထုံးစံအတိုင်း အအေးဓာတ်က ညနက်လေ စိမ့်စိမ့်ပီးအေးလာလေပါပဲ။ 

အပြန်ဆိုင်ကယ် မောင်းတော့ ငယ် က အနောက်ကနေ ကျွန်တော့်ကို သိမ်းဖက်တယ်။ တင်းတင်းကျပ်ကျပ်ပဲ။ လေပူဖောင်း တစ်လုံးလက်ထဲကနေ လွှတ်ထွက်သွားမှာ ကို စိတ်ပူနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ စိုးရိမ်ဆုပ်ကိုင် မှုမျိုးနဲ့။ 

ကျွန်တော် တည်းနေကြ အိမ်လေးဆီ ရောက်တော့ သူတော်တော်အံ့ဩသွားတဲ့ အသံနဲ့ ပန်းချီကားတွေအများကြီးပဲ။ အေးဟုတ်တယ်။ ဒါ ငါ့သူငယ်ချင်းအိမ်ပဲ သူက ပန်းချီကား စုရတာ ဝါသနာပါတယ်။ 

သူတစ်ကားချင်း လိုက်ကြည့်တယ်။ တစ်နေရာ ရောက်တော့ သူအကြာကြီး ရပ်မော့‌ကြည့်နေတယ်။ ဒီပန်းချီကားထဲက မျက်လုံးတွေက ထူးခြားလိုက်တာ။ သူ့မျက်လုံးတွေထဲ မှာ ငွေ့ရည်ဖွဲ့နေတာ ရွာတော့မယ့် မိုးတွေလိုပဲ ဆွေးနေတာဟာ ဆိုပီး ငိုပါလေရော။ 

ကျွန်တော်သူ့ ကို ဖက်ထားလိုက်တယ်။ ကျွန်တော် တစ်ခုခု ပြောမယ်ဆိုပီး ပါးစပ်အဟမှာ သူက ကျွန်တော့် နှုတ်ခမ်းကို လက်နဲ့ပိတ်တယ်။ နင် စကားမပြောပါနဲ့။ ငါ့ကို ဖက်ထားပါလား။ ငါအဲ့ပန်းချီကားကို ထပ်ကြည့်ချင်သေးတယ်။ ကျွန်တော်သူ့ကို အနောက်ကနေ သိုင်းဖက် ချိန်မှာ သူပန်းချီကားကို ကြည့်ရင်း ကြည့်ရင်း ထပ်ငိုတယ်။ 

ခင်များတို့ ပန်းချီကားကြည့်ပီးငိုတဲ့ အမျိုးသမီးတစ်ယောက်ကို မြင်ဖူးလား။ အနုပညာ အထူးသဖြင့် ပန်းချီကားကို ကြည့်ပီး ငိုတဲ့ ငယ့်ရဲ့ စိတ်ထဲမှာ ဘယ်လို နူးညံ့စွာပူဆွေးတောက်လောင်မှုတွေ ရှိနေခဲ့မလဲ။ ဘယ်လိုအရာတွေက သူ့ကို တိုက်စားခဲ့ပါသလဲ။ 

ငယ် တစ်ယောက် ငိုနေရင်းနဲ့ ကျွန်တော့် ဖက်တယ်။ ကျွန်တော်လည်း ငယ့်ကို ဖက်ရင်း မျက်ရည်တွေ ကျလာတယ်။ အနုပညာနဲ့ ကိုယ်ခန္ဓာချင်း နီးနီးကပ်ကပ်ရှိမှုက သိပ်ထူးဆန်းပါတယ်။ ကျွန်တော်တို့ အဲ့ပန်းချီကားရှေ့မှာပဲ လိင်ဆက်ဆံကြတယ်။ ငယ်က ကျွန်တော့် ရင်ဘတ်ကို ကိုက်တယ်။ တစ်ကိုယ်လုံးကို ရှာဖွေတူးဆွတယ်။ အသက်ငွေ့တွေဟာ အဆုတ်နှစ်ခုလုံးပေါက်ထွက်မတတ် တွန်းကန်လာချိန်မှာတော့ 

ကျွန်တော်တို့ နှစ်ယောက်လုံး အဝေးကြီး ကို ရောက်ခဲ့ကြတယ်။ 

ငိုနေရင်း လိင်ဆက်ဆံတာ တော်တော်ကြောင်တောင်တောင်နိုင်ပေမယ့် ကင်မရာနဲ့ ပုံဖော်ခွင့်ရရင် တော်တော်လှမည့် မြင်ကွင်းပါပဲ။ 

ကျွန်တော် တို့ လိင်ဆက်ဆံပီးချိန်မှာ ဘီယာတစ်ယောက်တစ်လုံးဖွင့်သောက်ရင်း ဆေးလိပ်အတူတူသောက်ကြတယ်။ 

အပြင်မှာ ညက စိမ့်စိမ့်ပီး အေးလာပေမယ့် ကျွန်တော်တို့ နှစ်ယောက်လုံးစိတ်‌ ရော ကိုယ်ပါ နွေးနေခဲ့တယ်။ 

စာကြွင်း။   ။ ငယ်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်တော့် စိတ်ထဲမှာ သေဆုံးသွားခဲ့ပါတယ်။ 

စောဝဏ္ဏ

15.12.2019(Sunday) 

Comments

Popular posts from this blog

ကိုဗစ်နှင့် ရန်ကုန်မြို့ ရှိ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအခြေအနေ

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်