ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်

ချစ်ရတဲ့ကိုတိုးကြီးရေ ကျနော်တို့ကြားမှာ ပြန်ပြောစရာအမှတ်တရတွေများပြားပါတယ်။ ပြောစရာအမှတ်တရအများစုကိုတော့ အကိုထောင်ကလွတ်လာရင် ပြောဖို့ချန်ထားပြီး အကိုရေးတဲ့အက်ဆေးတွေအကြောင်းပဲ အရင်ပြောလိုက်ချင်ပါတယ်။ ဒီအောက်က စာက ကျနော်ရေးထားတာကြာပါပြီ။ မတ်လ(၂၀၂၀) ခုနှစ်တုန်းက ကျနော် မော်ရိုကိုနိုင်ငံမှာ Summit တစ်ခုသွားတက်ဖို့အတွက် မော်ရိုကိုသံရုံးရှိရာ ထိုင်းနိုင်ငံမှာ ဗီဇာသွားလုပ်ဖြစ်ပါတယ်။ မူလစီစဉ်ထားတဲ့အတိုင်းဆို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာ (၇)ရက်ခန့်နေထိုင်ဖို့ပါပဲ။ မမျှော်လင့်ပဲ ဗီဇာက လျှောက်ထားပြီး တစ်နာရီခွဲခန့်အကြာမှာပဲ လွယ်လွယ်ကူကူရလာခဲ့ပါတယ်။ ဗီဇာလျှောက်ပြီးတဲ့နေ့မှာပဲ ကျနော်သွားဖို့ရည်ရွယ်ထားတဲ့ Museum of Contemporary Art(MOCA Bangkok) ကိုသွားလည်ဖြစ်ပါတယ်။ နောက်တစ်ရက်ကျ ဘန်ကောက်မြို့လယ်ကောင်မှာ ရှိတဲ့ ချုလာလောင်ကောင်းတက္ကသိုလ်ရဲ့ Campus ကို သွားလေ့လာဖြစ်တယ်။ ဘန်ကောက်ကို လာရတဲ့ရည်ရွယ်ချက် သုံးခုကို နှစ်ရက်တည်းနဲ့ လုပ်လိုက်ပြီဆိုတော့ နောက်ရက်တွေ ဘာမှ ထွေထူးလုပ်စရာမရှိတော့ပဲ တည်းခိုတဲ့ အခန်းမှာပဲ (၂)ရက်ဆက်တိုက် ဘီယာသောက်၊ ရုပ်ရှင်ကြည့်နဲ့ပဲ အချိန်ကုန်ခံလိုက်ပါတယ်။ အစောပိုင်းက ဘန်ကောက်မြို့ရဲ့ ညအလှတွေကို လိုက်လေ့လာဖို့ ဆန္ဒရှိပေမယ့် ဘန်ကောက်ရဲ့တိုက်တာအဆောက်အဦးတွေကြားမှာ စိတ်က အတော်မွန်းကျပ်လာပါတယ်။ စိတ်မွန်းကျပ်လာတာနဲ့ ဘာမှလုပ်ချင်စိတ်မရှိမယ့်အတူတူ ပြန်မယ်ပေါ့။ အစက ရန်ကုန်တန်းပြန်မလို့ပါပဲ။ ကိုတိုးနဲ့အဆက်အသွယ်ရပြီး သူရှိရာ မိတ္ထီလာမြို့ကိုပဲ တန်းသွားဖြစ်ပါတယ်။ ဘန်ကောက်ကနေ ရန်ကုန်ကို လေယာဉ်စီး၊ ရန်ကုန်ကနေ မိတ္ထီလာမြို့ကို ကားစီးသွားတာပါပဲ။ သူ့အခန်းမှာ တည်းခိုရင်း သူရေးထားတဲ့အက်ဆေးတွေ ဖတ်ရင်း ရလာတဲ့အတွေးကို အောက်ပါအတိုင်းချရေးဖြစ်ခဲ့ပါတယ်။ ဒေါက်တာခင်မိုးအေးရဲ့ ဇေယျာတိုး တိုးက သူအက်ဆေး တွေရေးထားတယ်။ ဖတ်ပေးဆိုတော့ ဝိုးပေါ့။ သူ့ကို ကဗျာရေးတာပဲ သိတာ။ ဟော်လိုဂစ်တာတစ်လက်နဲ့ သူနာပြုတစ်ယောက် ကဗျာရေးတယ်ပဲ သိထားတာ။ သူ့အက်ဆေး တွေ ဖတ်ပေးဆိုတော့ ဖတ်လိုက်တာပဲ။ သူ့အက်ဆေး တွေကို တစ်ကြောင်းထဲ နဲ့ ပြောရရင် **သူ့အပေါ်ဖြတ်တိုက်သွားတဲ့ လူတွေ၊အတွေ့အကြုံ‌ တွေနဲ့ ခံစားမှုတွေကို ပြန်ခံစားထားတာပဲ(Retold)** အက်ဆေး ဆိုတာမျိုးကလည်း အဲ့လို အရာတွေကို ရေးချွတ်မှ ပိုကြွ၊အသက်ဝင်တာမျိုးမဟုတ်လား(ကျွန်တော့်အမြင်ပါ)။ **ခင်ဝမ်း၊ဦးတာ၊ဒီဇင်ဘာ** အက်ဆေး ဟာ စို့နင့်စရာပဲ။ ဇာတ်ကောင်ရဲ့ မူလအဖြစ်အပျက်တွေကို သိထားသူတစ်ယောက်အနေနဲ့ ဖတ်ရင်း နင့်လာတာပါပဲ။ တစ်ခါတစ်လေကျ လူတွေအကြောင်းနဲ့ သူတို့ကို သူတို့ဖြစ်လာစေတဲ့ နောက်ခံအကြောင်းတရားတွေကို မသိချင်ဘူး ခံစားရလို့။ **အိမ်ကို လွမ်းတဲ့ မိုးရာသီ** ထဲက ဒဏ်ရာဒဏ်ချက်တိုင်းကို ကုစားပေးနိုင်တဲ့ နေရာဟာ အိမ်ပါပဲ လို့ ဖွင့်ထားတဲ့ အဖွင့်စာသားဟာ အိမ်ကနေ ပြေးထွက်လာတဲ့ ကျွန်တော့်ကို မေမေ့အိမ်ထဲ ချက်ချင်း ရောက်သွားတော့တာပါပဲ။ **ဂစ်တာဝိုင်း** အက်ဆေး ဖတ်ရင်း ချက်ချင်း အသံသွင်းမိတယ်။ ကျွန်တော်မရဖူးတဲ့ အဆောင်နေကျောင်းသားဘဝ၊တက္ကသိုလ် ကျောင်းသားဘဝရဲ့ ဂီတညတွေ ဆီ ခေါ်ဆောင်သွားလို့ပဲ။ စိတ်ဟာ စိတ်ကို တစ်နေရာကနေ တစ်နေရာ ဆီ ပို့ဆောင်နိုင်ခဲ့တယ် ဆိုတာကို သိခဲ့ပါပြီ။ အိမ်ပြန်တော့မယ် တိုးရေ တိမ်လို လေလိုလွင့်နေတာတွေ ခဏရပ်လိုက်တော့မယ် တိုးရေ တိုးရဲ့ ချစ်လှစွာသော စောဝဏ္ဏ

Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ဟားခါး