ဟားခါး



ဟိုး...အစွန်ဆုံးက ခေါင်မိုးနီနီနဲ့ အိမ်ကို နည်းနည်းကျော်လျှောက်ပြီး ညာဘက် ခါးဆစ်ချိုးကွေ့လိုက်ရင် စပျစ်စိုက်ခင်းရှိတယ်။ 

အဲ့ စိုက်ခင်းက စပျစ်သီးတွေ ခူးစားလို့ရတယ်။ 

အောင်အောင်မြင်မြင်သီးပွင့်ခဲ့တဲ့ စပျစ် သီးတွေကို တစေးနဲ့ ရောပီး ရိုးရာလက်လုပ်ဝိုင်လည်း ထုတ်တယ်။ 

တစ်လုံး ကို ငါးထောင် ပေးရတယ်။ 

နှစ်ခွက်လောက် သောက်ပီး မျက်လုံးခဏ မှတ်ပီး ပြန်ဖွင့်လိုက်ရင် မြင်မြင်သမျှ တောင်တန်း တွေ က ရခိုင်ရိုးမနဲ့ ချင်းတောင်တန်း နှစ်ခု ပူးယှက်သွယ်ပီး ဖွားထွက်လာတဲ့ ချင်းမြောက်ပိုင်း‌ဒေသ ရဲ့ တောင်တန်းမိဖုရားမတွေပဲ။ 

အဲ့ဒေသမှာ လှပပီး အရိုင်းဆန်တဲ့ သဘာဝယဉ်ကျေးမှုတွေရှိပေမယ့် လူတွေရဲ့ အဓိက ဝင်ငွေဟာ နိုင်ငံရပ်ခြားကနေစီးဆင်းတယ်။ 

လူငယ်တွေ မရှိသလောက်နီးနီး ရှားတယ်။ 

တစ်ချို့ ဆို ရိဒ်ရေကန်ကို ကျော်ပီး အိန္ဒိယအထိကျောင်းတက်တယ်။ 

ကလေးမြို့ကို ဆင်းပီး ကျောင်းတက်တယ်။ 

ရန်ကုန်ကို ဆင်းတယ်။ 

အနောက်နိုင်ငံတွေအထိ အောင်အောင်မြင်မြင် ခရီးဆန့်နိုင်ကြတယ်။ 

လူမျိုးစု(၃၅) မျိုး ရှိတယ်(အရေအတွက်မှားနိုင်တယ်) 

လူမျိုးစုတွေ ထဲမှာ ရှိနေတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေရဲ့  ပါဝါ အလုပ်လုပ်ပုံတွေက စိတ်ဝင်စားဖို့ကောင်းတယ်။

ဂေါ်ရခါးညွှတ်ကြော်နဲ့ တောင်ပေါ်မှာ ပင်လယ်စာ ရအောင် စားခဲ့တာတွေက မှတ်မှတ်ရရပဲ။ 

တနဂ်နွေ နေ့ မနက်အစောပိုင်းတွေဆို ဆိုင်တွေ ပိတ်တယ်။ 

ဘာသာရေးကို အထူးယုံကြည်ကိုးကွယ်ကြတယ်။ 

ဆောင်းဥတုရဲ့ မနက်ခင်းတွေမှာဆို ဘယ်သူရေ၊ဘယ်ဝါရေလို့ သဲသဲကွဲကွဲ မမြင်ရအောင် မြူနှင်းတွေ ထတယ်။

အပူချိန်က သုညကနေ တစ်ဆယ်အတွင်း ရှိတယ်။

တစ်ခါတစ်လေ ရေခဲတယ်။

ကံကောင်းလို့ နေ့လည် ခင်း နေထွက်လာရင်တောင် အနွေးထည် နှစ်ထပ်ဝတ်ရတယ်။

နားနှစ်ဖက် လုံမယ့် ဦးထုပ်ဆောင်းရတယ်။

လက်အိတ်ဝတ်ရတယ်။

မာစီ ဆိုတဲ့ လက်ဖက်ရည်ဆိုင် ရှိတယ်။ 

ထမင်းကြော်၊ကြက်ဥ‌မွှေကြော်နဲ့  စားကောင်းတယ်။

တီးတိန်ကော်ဖီကောင်းတယ်။

လက်ဖက်ရည် ကျရည်ကျကျ သောက်လို့ကောင်းတယ်။ 

လက်ဖက်ရည်ဆိုင် ထိုင်ရင် ရေနွေးပူပူနဲ့ တီးတိန်ကော်ဖီခွက်ပူပူကို လက်ဖဝါးနှစ်ခုထဲ အုပ်ထည့်ပီး သောက်ရတယ်။ 

မြို့လည်ကောင်မှာ ဟား‌ခါးတောင်းလို့ ခေါ်တဲ့ ကော်ဖီဆိုင်ရှိတယ်။ 

အဲ့ဆိုင်က ဆိတ်သားထောင်းစားကောင်းတယ်။ 

ဆိုင်ရဲ့ အနောက်ဘက် အမိုးပေါ်တက်ပီး ကြည့်လိုက်ရင် သွပ်ပြာပြာ၊နီနီ တွေ မိုးထားတဲ့ တောင်စောင်းတစ်လျှောက်က အိမ်တွေကို တွေ့ရမယ်။

မြို့တွင်းလမ်းတွေ ကောင်းတယ်။ 

ဒါ ကျွန်တော်မြင်တွေ့ခဲ့တဲ့ ဟားခါးပဲ။

ချင်းမြောက်ဒေသပဲ။ 

စောဝဏ္ဏ  

Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ကိုဗစ်နှင့် ရန်ကုန်မြို့ ရှိ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအခြေအနေ

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်