မီးခိုးတလူလူ မျှော်လင့်ချက်များ
မြစ်ကြီးနားညစျေး ဆိုတာ ကိုယ်ပိုင် ဘထ္ထရီအလင်းရောင်ကိုမှီခိုပြီး တက်ကြွစွာ လှုပ်ရှားစည်ကားနေတဲ့ နေရာဖြစ်ပါတယ်။ အဝတ်အထည်ဆိုင်များ၊နာရီဆိုင်၊ ဖိနပ်ဆိုင် အစရှိတဲ့ လူသုံးကုန်ပစ္စည်းဆိုင်များသာမက ရာသီပေါ်သစ်သီးဆိုင်များ၊ အကင်ဆိုင်များ၊ နာမည်ကျော် ကြက်ဥကဇော်ဆိုင် ၊လက်ဖက်ရည်ဆိုင်၊ ရေခဲမုန့်ဆိုင်၊ထမင်းကြော်ဆိုင် အစရှိတဲ့ စားသောက်ကုန်ဆိုင်များကိုပါ လမ်းဘေးဝဲရာမှာတွေ့နိုင်ပါတယ်။ အရင်ကဆိုရင် ည ၁၁ နာရီ ၁၂ နာရီလောက်အထိ ညစျေးက စည်တယ်။အခုတော့ ည ကိုးနာရီလောက်အထိပဲ စည်တော့တယ် လို့ သစ်သီးရောင်းချသူ ဒေါ်အေးအေးစိုးမှပြောတာကို ကျွန်တော် နားထောင်ခဲ့တာ ၂၀၁၇ ခုနှစ်ရဲ့မိုးအကုန် ဆောင်းဝင်ကာစလ တစ်လရဲ့ ညဘက်မှာပါ။ ဆီးနှင်းငွေ့တွေနဲ့ အတူ မြစ်ကြီးနားနဲ့ သိပ်မဝေးလှတဲ့ မြို့နယ်တွေမှာ ယမ်းငွေ့ တလူလူနဲ့ ပေါ့။ စီမံချက် တစ်ခုအတွက် အလုပ်သွားလုပ်ရင်း ရန်ကုန်သားတို့ ထုံးစံအတိုင်း ညဘက်ထမင်းကြော်ထွက်စားဖြစ်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ည(၉) နာရီ ကျော်ရင် အပြင် မထွက် ဖို့ ကြို ပြောထားပေမယ့် လည်း အစာအိမ်က ဆန္ဒပြတော့ ထွက်စားဖြစ်တာပါပဲ။
၂၀၁၄ ခုနှစ်ကစပြီး မြစ်ကြီးနားမြို့ မှာ မိုးမလင်းစျေး ဆိုပြီး ည(၁) နာရီက နေ ည (၅) နာရီလောက်အထိ ကုန်မျိုးစုံ ရောင်းကြတယ်။ နောက်ပိုင်းလည်းကျရော ညစျေးဆိုပြီး ညနေ ၆နာရီကနေ မနက် (၃) နာရီလောက်အထိ ရောင်းကြတယ်။ အခုလည်းကျရော ည (၈) နာရီဆိုရင် လူပါးလာပြီ၊ (၉) နာရီဆိုတာနဲ့ ဆိုင်တော်တော်များများက သိမ်းကြရော။ ဘာလို့လဲဆိုရင် မြစ်ကြီးနားမြို့မှာ ဒီနောက်ပိုင်း လုယက်မှု၊ လူသတ်မှုတွေ တအားဖြစ်လာတယ်။ ည (၈) နာရီနောက်ပိုင်းဆို လူမရှိတော့ဘူး။ အိမ်ပြန်ရင်တောင်မှ တထိတ်ထိတ်တလန့်လန့် နဲ့ ပြန်နေကြရတယ်။ အန်တီကတော့ ဝမ်းစာရှာဖွေနေရတာဆိုတော့ စောစောမပြန်နိုင်ဘူး။ ရောင်းတာကလည်းကုန်စိမ်းဆိုတော့ အချိန်ကုန်ခံပြီး မကုန် ကုန်အောင် ရောင်းရတယ်။ ပြီးတော့မှ ကြောက်ကြောက်နဲ့အိမ်ပြန် ကြတာပေါ့။ ခပ်စိပ်စိပ်ဖြစ်လာတဲ့ ရာဇဝတ်မှုတွေကြောင့် အန်တီ တို့လို ညစျေးကို အားကိုးပြီး မှီခိုရောင်းနေရတဲ့ စျေးသည်တွေဝင်ငွေထိခိုက်တယ်။
လုယက်မှုတွေ ဘာကြောင့်ဖြစ်လာလဲဆိုတော့ မူးယစ်ဆေးဝါးပေါ့။ လူငယ်တွေက အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတော့ စိတ်ထွက်ပေါက်အနေနဲ့ မူးယစ်ဆေးဝါးသုံးကြတယ်။ ကိုယ်ပိုင်ဝင်ငွေမရှိတော့ ဆေးဖိုးရအောင် လုယက်ပြီးရှာဖွေလာကြတယ်။ အန်တီ့သား ဆိုရင်လည်း မူးယစ်ဆေးရဲ့ သားကောင်တစ်ယောက်ပဲ။ အန်တီက ဆင်းရဲတော့ ဆေးဖိုးမပေးနိုင်ဘူး။ အဖိုးတန်ပစ္စည်းလည်း ထုတ်ရောင်းစရာမရှိဘူး။ အားကိုးစရာယောကျာ်း လည်းမရှိတော့ ကိုယ်ဝမ်းစာကိုယ်ရှာစားရတယ်။ အန်တီ့သားဆိုရင် အခိုင်းပါခံရတယ်။ ပိုက်ဆံရှိတဲ့လူက ဆေးဝယ်ခိုင်းတယ်။ ဆေးဝယ်ခိုင်းပြီး သူစိတ်တိုင်းမကျတော့ ပစ္စည်းပစ်ပြီး ဖမ်းခိုင်းတယ်။ သူလည်း အခုတော့ ဥပဒေရဲ့ အဆုံးအမကို ခံယူနေပါပြီ။
အန်တီကတော့ မူးယစ်ဆေးကို မုန်းတယ်။ မူးယစ်ဆေးသုံးတဲ့ လူတွေကို ပဲဖမ်းပြီး ဖြန့်ချီရောင်းချနေတဲ့ ဒိုင်ကြီးတွေကို မဖမ်းတဲ့လူ တွေကိုလည်း မုန်းတယ်။ ဘယ်သူက ဘာလုပ်တယ်ဆိုတာ သိတယ်။ ဒါပေမယ့်မပြောရဲဘူး ဝတ္တရားနှောက်ယှက်မှုနဲ့ အစွဲခံရမှာကြောက်တယ်။ တာဝန်ရှိသူတွေကို မေးချင်တာ
***အကိုင်းအခက်ကို ချိုင်ရမှာလား။ အမြစ်ကိုလှန်ရမှာလား***
အခုဆိုရင် မြစ်ကြီးနားမြို့မှာ လူကြီး၊ လူလတ်၊ လူငယ်မကျန် မူးယစ်ဆေးဝါး လွယ်လွယ်သုံးလာကြတယ်။ လူ (၃၀၀၀) ကို တန်းစီစစ်လိုက်ရင် လူ (၁၀၀) ပဲ မူးယစ်ဆေးကနေ လွတ်နိုင်တယ်။ အန်တီတို့ မြို့က မူးယစ်ဆေးဝါးရဲ့ သားကောင်၊ မူးယစ်ဆေးဝါးရဲ့အရိပ် လုံးလုံးစိုးမိုးသွားပြီ။ မူးယစ်ဆေးဝါးပပျောက်ဖို့အတွက်ဆိုရင် အမြစ်ကို လှန်ပစ်မှရမယ်။ အန်တီတို့က စျေးသည်..ဘာအာဏာမှလည်းမရှိဘူး။ ဝတ္တရားလည်းမရှိဘူး။ သိလည်းမပြောရဲဘူး။ အခုတောင် အန်တီ့သား ကိုယ်တိုင်က မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်သွားလို့ ဒီစကားကို ပြောထွက်တာ။
မြို့ပြရဲ့ ယဉ်ကျေးမှုတွေထဲမှာ ညစျေးတွေကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ညစျေးကို မှီခိုအားထားနေရတဲ့ မိသားစုများစွာ ရှိပါတယ်။ ယဉ်ကျေးမှုကိုထိန်းသိမ်းရန်၊ မိသားစုများ၏ ပျော်ရွှင်မှုနှင့် လုံခြုံနွေးထွေးမှုကို ပေးရန် အိမ်ထောင်ဦးစီးနှင့်တူသော လူများတွင် တာဝန်ရှိပါတယ်။
အန်တီ ကတော့ သားပြန်လာမယ့် ရက်ကို မျှော်လင့် နေပါတယ်။
စောဝဏ္ဏ
၁၆.၇.၂၀၂၀(ကြာသပတေး)
Comments
Post a Comment