တိမ်မျောလူ


ကျနော်အခုနေတဲ့ အိမ်ရဲ့ အောက်မှာ ကုန်စည်ဒိုင်နှစ်ခုရှိတယ်။ တစ်ရက်သား နေ့လည်ခင်း သူတို့ ခြင်းခတ်နေတဲ့ အချိန် ဆင်းခတ်ရင်းနဲ့ သူတို့ အကြောင်း နည်းနည်း မေးမိတယ်။ သူတို့ နဲ့ပြောဖြစ်တဲ့ အကြောင်းအရာတွေကိုလည်း ခွင့်ပြုချက်နဲ့ အသံသွင်းထားမိတယ်။ ဒီနေ့ ဘာရယ် မဟုတ်၊ အိမ်အောက်ထပ်ကုန်စည်ဒိုင်မှာ နယ်ကို ပို့ဖို့ ကုန်တွေ ပြန်ပုံလာတာနဲ့ သူတို့ပြောတဲ့ အကြောင်းအရာတွေကို ဖြတ်ညှပ်ကပ်ပြီး ဒီစာရေးလိုက်ပါတယ်။ နာမည်တွေကို လွှဲရေးထားပါတယ်။ 

ကျနော့်နာမည်က ကိုသိန်းအောင်ပါ။ အသက်က ၂၈ နှစ်ရှိပြီ။ ရခိုင်ပြည်နယ်၊ဂွမြို့နယ်ကပါ။ အသက် ၂၀ မှာ ရန်ကုန်တက်လာတယ်။ ထုံးစံအတိုင်း တစ်ခုခုလုပ်မယ် ဆိုတဲ့ စိတ်ပေါ့။ ခုဒီအလုပ်ဝင်မလုပ်ခင်က ကျနော် ဖားကန့် ရောက်သွားသေးတယ်။ ဖားကန့်မှာ နှစ်နှစ်လောက် ကြာတယ်။ ဘိန်းလား။ မစွဲခဲ့ပါဘူးဗျာ။ ကျနော် ကွမ်းတော့ စွဲသွားတယ်။ နှစ်နှစ်လောက် လုပ်တာ ငွေလည်းမစုမိဘူးဗျာ။ နေရတာလည်း တော်တော်စုတ်တီးစုတ်ပဲ့ နိုင်တယ်။ အတူနေတဲ့ ကောင်တွေကလည်း အာဝါဒါးတွေပဲ။ မနက်ဆို ငါးနာရီလောက်ထမယ်။ အလုပ်ရှိတဲ့ နေရာ သွားမယ်။ ညနေဆို အရက်သောက်မယ်။ မူးလာရင် သီချင်းတွေ ဖွင့်တယ်။ ဟဲဟဲ..မူးလာရင် သီချင်းဖွင့်တဲ့ အကျင့်လည်း စွဲလာသေးတယ်ဗျ။ ဒါကြောင့် ကျနော် သီချင်းတွေ တစ်ခါတစ်လေ အကျယ်ကြီး ဖွင့် ရင် ခင်များတို့ အပေါ်ထပ်က လူတွေကို အားနာတာပဲ။ ရပါတယ်ဗျာ..ခင်များတို့လည်း ဒါလေးတွေဖွင့်ပြီး အမောဖြေရတာကို။ အေးဆေး။ ကျနော်လည်း သီချင်းကြိုက်ပါတယ်။ 

နောက်တစ်ခုက အဲ့ကောင်တွေ ကျောက်အတိုအစ ကနေ ငွေနည်းနည်းရလာရင် ဖာသွားချသေးတယ်ဗျ။ ခင်များရော ဖာမချဘူးလားလို့ ကျနော်ကမေးတော့ ကျနော့်မှာ သမီးလေးရှိတယ်ဗျာ။ ကျနော် မလုပ်ရဲဘူး။ နောက် ရောဂါဘာညာလဲ ကြောက်တယ်။ ဘာရောဂါကို ကြောက်တာလဲ လို့ ကျနော်ကမေးတော့ HIV၊AIDS တို့ဘာတို့ပေါ့။ အဲ့တာနဲ့ ခင်များ အခုအလုပ်ကို ဘယ်လို ရောက်လာတာလဲ။ ကျနော် ဖားကန့်ရောက်တာ သုံးနှစ်မြောက်နှစ်မှာ ကျနော်နဲ့ အတူနေတဲ့ ညီတစ်ကောင်က မြေပြိုတဲ့ အထဲပါပြီး အလောင်းပါရှာမရဖြစ်သွားတယ်။ အဲ့အချိန်မှာ ကျနော် တော်တော်ကြောက်သွားတာပဲ။ ကျနော့်မှာ သမီးလေးရှိတယ်ဗျာ။ ကျနော်သာ မြေပြိုတဲ့ ထဲ ပါသွားရင် ဆိုပြီး တွေးမိတာ တော်တော်ဆိုးဆိုးဝါးဝါးပဲဗျာ။ ကျနော်အဲ့လို တွေးမိချိန်မှာ ခု ခင်များဘေးထိုင်နေတဲ့ ကျော်ကြီးက ကျနော့်ကို အခုအလုပ်မှာ ကုန်တင်ကုန်ချ လူလိုတယ်။ လာလုပ်မလား မေးတာနဲ့ ရောက်လာတာပဲ။ အော်..ကျော်ကြီးလည်း ကျောက်စိမ်းတူးသေးတယ်လေ။ ဖားကန့်မှာ ခင်တာပဲ။ ဒီကောင်က ကျနော် ဖားကန့်ရောက်ပြီး သိပ်မကြာဘူး။ ဖားကန့်ကို အနိုင်နဲ့ ပိုင်းပြီး ပြန်သွားတာပဲ။ဘာလဲ ကျောက်အောင်သွားလို့လား လို့ ကျနော်က ရယ်ပြီး မေးတော့ ဟုတ်မလား ဆရာသမားရာ ဖားကန့်မှာ မနေကတည်းက ဒီကောင်သေနိုင်ခြေ နည်းသွားပြီလေ။ သေနိုင်ချေ နည်းတာ အောင်မြင်တာပေါ့ တဲ့။ ကျနော်တို့ သုံးယောက်လုံး အားပါးတရ ရယ်မောမိကြပါတယ်။ 

အခု အလုပ်မှာ ဆယ်ဘီးကားတစ်စီး ကုန်တင်ကုန်ချလုပ်ရင် တစ်စီး လေးသောင်းရတယ်ဗျာ။ ကျနော်တို့ လူစုစုပေါင်း ရှစ်ယောက် ရှိတယ်။ ခွဲယူကြတာပဲ။ တစ်ခါတစ်လေလည်း တစ်နေ့ကို ကားက ဆယ်စီးလောက် ဝင်တယ်။ တစ်ခါတစ်လေလည်း (၇) စီး၊(၈) စီးပေါ့။ အလုပ်က ထမင်းကျွေးတယ်။ နေစရာ ရတယ်။ ရတဲ့ ငွေ စုပြီး သမီးလေးဆီပို့ပေါ့။ အခုကိုဗစ်ဖြစ်တဲ့ အချိန်ကတော့ အားရင် ခြင်းခတ်နေကြတာပါပဲ။ ကိုဗစ်ငြိမ်ရင် ကောင်းမယ်။ သမီးလေးကို တွေ့ချင်နေပြီ။ သတိရတယ် ဗျာ ဆိုပြီး အသားမည်းမည်း၊ဗလခပ်တောင့်တောင့်နဲ့ လူတစ်ယောက်ရဲ့ အဝေးကို လှမ်းကြည့်လိုက်တဲ့ မျက်လုံးတွေဟာ ကျနော့် အတွက် ဒီနေ့အဖို့ မေးတာလုံလောက်နေပြီလို့ ပြောလိုက်သလိုပါပဲ။ 

ကျေးဇူးတင်ပါတယ် ကိုသိန်းအောင်။ ကျနော် အပေါ်ပြန်တက်တော့မယ် ဆိုပြီး ကျနော့်အသိုက်ထဲ ပြန်ခွေဝင်ခဲ့ပါတယ်။ 

စောဝဏ္ဏ 

နေ့လည် ၃နာရီ 

၂၀.၂၂.၂၀၂၀ 

ခတ္တာလမ်း၊ရန်ကုန် 

 


Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ကိုဗစ်နှင့် ရန်ကုန်မြို့ ရှိ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအခြေအနေ

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်