ကိုဗစ်နှင့် ရန်ကုန်မြို့ ရှိ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအခြေအနေ

ဒီကာလအတွင်းမှာ သူငယ်ချင်းနှစ်ယောက်လေ့လာနေတဲ့ ကိုဗစ် ကာလအတွင်း အသေးစားအလတ်စားလုပ်ငန်းများရဲ့ စီးပွားရေး အခြေအနေလေ့လာမှုမှာ ရန်ကုန် တိုင်း အတွက် အင်တာဗျုး ဝင်လုပ်ပေးခွင့် ရခဲ့ပါတယ်။ ဆယ့်ငါးယောက်နဲ့ တွေ့ဆုံမေးမြန်းဖို့ ရည်ရွယ်ထားခဲ့သော်လည်း အချိန်အခက်အခဲကြောင့် (၁၁) ယောက်နဲ့ပဲ လူချင်းတွေ့၊Zoom မှ တစ်ဆင့် အင်တာဗျုးတာကို ပဲ ပြုလုပ်ခဲ့ရပါတယ်။ အောက်ပါ အချက်အလက်များသည် အဆိုပါ လုပ်ငန်းရှင် (၁၁) ယောက် အင်တာဗျုး လုပ်ပြီးနောက် လေ့လာဖြစ်တဲ့ အရာတွေကို ချရေးကြည့်တာ ဖြစ်ပါတယ်။ ပြည့်စုံလုံလောက်တဲ့ လေ့လာမှုနဲ့ အရေးအသားမဟုတ်ပေမယ့် တစ်စုံတစ်ရာ လေ့လာလို့ ရမယ်လို့ ထင်ပါတယ်။ 



ရန်ကုန်တိုင်းအတွင်း အသေးစားအလတ်စားလုပ်ငန်းများအနက်မှ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သူ (၁၁) ယောက်အနက် (၇) ယောက်မှာ ကျားဖြစ်ပြီး(၄) ယောက်မှာ မ ဖြစ်ပါတယ်။ ၎င်းတို့၏ ပျှမ်းမျှ အသက်မှာ (၃၀) ဖြစ်ပါတယ်။ လုပ်ငန်းအမျိုးအစား များအနေဖြင့် မီဒီယာ၊ဒစ်ဂျစ်တယ်မားကတ်တင်း၊အထည်ချုပ်၊လျှပ်စစ်၊ပန်းနှင့်ဘောလုံးအလှဆင်၊တံဆိပ်ရိုက်၊လက်ဆောင်၊ကလေးအရုပ်၊ကလေးစာပေ၊စားသောက်ဆိုင်နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းများကို ဦးဆောင်နေသူများ၏ ပျှမ်းမျှအသက်ဟာ (၃၀) ဖြစ်ပါတယ်။ ဝန်ထမ်းအနည်းဆုံးလုပ်ငန်းမှာ လူဦးရေ(၅) ယောက်ဖြစ်ပြီး အများဆုံးလုပ်ငန်းမှာ အယောက်(၃၀) အထိရှိပါတယ်။ ကိုဗစ်မဖြစ်ခင်မှာ လုပ်ငန်းအများစုရဲ့ ဝန်ထမ်းတွေဟာ လက်ရှိခန့်ထားသော ဝန်ထမ်းအင်အားရဲ့ နှစ်ဆရှိခဲ့ပြီး ကိုဗစ်ရိုက်ခတ်မှုကြောင့် စီးပွားရေး အထိနာခဲ့ပြီး ဝန်ထမ်းတစ်ဝက်လောက် အလုပ်အကိုင်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ကိုဗစ်မဖြစ်ခင် ဝင်ငွေမှာ တစ်လလျှင် အနည်းဆုံး (၅-၁၀) သိန်း မှ (၁၀၀) သိန်း အထိရှိခဲ့ပြီး ကိုဗစ် ဖြစ်ပေါ်ချိန်မှာ အဆိုပါ ဝင်ငွေ၏ ထက်ဝက်ခန့်ကျဆင်းခဲ့ရတာဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်း တစ်လပျှမ်းမျှ ဝင်ငွေကို ခန့်မှန်းလို့ မရနိုင်ဘူးလို့ လည်း လုပ်ငန်းရှင်တစ်ဦးမှ ပြောပါတယ်။ လုပ်ငန်းအများစုကို ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန(DICA)နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)မှာ မှတ်ပုံတင်၊လိုင်စင်ပြုလုပ်ထားကြပါတယ်။ ၂၀၁၀ အစောပိုင်းကာလများတွင် စတင်လုပ်ဆောင်သော လုပ်ငန်းများအတွက် ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္မဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) တွင် ကုမ္မဏီမှတ်ပုံတင်ခြင်း ပြုလုပ်ရာတွင် ခက်ခဲရှုပ်ထွေးသော ကြိုးနီစနစ်များ ရှိခဲ့ပြီး ၂၀၁၀ နောက်ပိုင်း စတင်လုပ်ဆောင်သော လုပ်ငန်းများအတွက်မှု အွန်လိုင်းဝန်ဆောင်မှုစနစ်ကြောင့် ကုမ္ပဏီမှတ်ပုံတင်ဆောင်ရွက်ခြင်းပြုလုပ်ရာတွင် အဆင်ပြေလွယ်ကူမြန်ဆန်လာကြောင်း သိရပါတယ်။ DICA တွင် ကုမ္ပဏီလိုင်စင်ပြုလုပ်ရာမှာ မှတ်ပုံတင်မိတ္တူ၊ဝန်ထမ်းဖွဲ့စည်းပုံ၊ရင်းနှီးမြှပ်နှံမှုပမာဏ၊လုပ်ငန်းရည်ရွက်ချက်များသာ လိုအပ်ကြောင်းလည်း သိရပါတယ်။ လုပ်ငန်းဦးဆောင်သူအများစုအနေဖြင့် ကုမ္ပဏီလိုင်စင်၊စည်ပင်လိုင်စင် လုပ်ဖို့ လိုအပ်ကြောင်းသိရှိကြပြီး အဆိုပါအရာများ ကိုလုပ်ဆောင်ထားပါက လုပ်ငန်းလုပ်ကိုင်ရာတွင် တရားဝင်မှုနဲ့ ဈေးကွက်ယှဉ်ပြိုင်ရာမှာ အကျိုးကျေးဇူးရှိကြောင်းပြောကြပါတယ်။ ဥပမာအားဖြင့် တစ်ချို့ လုပ်ငန်းကြီးတွေကနေ တင်ဒါခေါ်တဲ့နေရာမှာ ကုမ္ပဏီလိုင်စင်နဲ့ အခွန်မှတ်တမ်းလိုမျိုး တရားဝင်အထောက်အထားတွေ ပြသခိုင်းကြောင်း ဖြေဆိုသူတွေက ပြောပါတယ်။ ဖြေဆိုသူများထဲမှ ၉၂ ရာခိုင်နှုန်းမှာ အစိုးရဆီမှ ငွေကြေးအပါအဝင် လုပ်ငန်းဆိုင်ရာ အထောက်အပံ့လုံးဝ(လုံးဝ) မရခဲ့ဖူးကြောင်း ပြောကြပြီး ၈ ရာခိုင်နှုန်းမှာ ကိုဗစ်ချေးငွေအပါအဝင် လုပ်ငန်းဆိုင်ရာ အဆက်အသွယ်များရရှိခဲ့ဖူးကြောင်း ပြောပါတယ်။ UMFCCI၊ British Council နဲ့ ICCO ကဲ့သို့သော ပြည်တွင်းနှင့်နိုင်ငံတကာ အဖွဲ့အစည်းများထံမှ လုပ်ငန်းဆိုင်ရာလိုအပ်သော သင်တန်းများ ရခဲ့ဖူးကြောင်း ပြောပါတယ်။ ကိုဗစ်ကာလအတွင်း သက်ဆိုင်ရာ လုပ်ငန်းများအတွက် အကြီးမားဆုံးအခက်အခဲမှာ အဆောက်အဦးဌားရမ်းခ ဖြစ်ပြီး အစိုးရအနေနဲ့ မူဝါဒဆိုင်ရာသတ်မှတ်ပြီး ဌားရမ်းခလျှော့ချပေးပါက လုပ်ငန်းရေရှည်မှုအတွက် အထောက်အကူဖြစ်မယ်လို့ ပြောပါတယ်။ ချေးငွေ ရယူဖို့ အတွက် လုပ်ငန်းအများစုသည် ဈေးကွက်မလည်ပတ်မှာ စိုးရိမ်ပူပန်ကြပြီး သတ်မှတ်ကာလမှာ ချေးငွေ ပြန်မဆပ်နိုင်မှာကို တွေးပူသောကြောင့် ချေးငွေမယူဖြစ်ကြဘူးလို့ ပြောပါတယ်။ အစိုးရမှ ထုတ်ပြန်သော ကြေညာချက်များ၊အမိန့်စာများကို အစိုးရမှ တရားဝင်တည်ဆောက်ထားသော ဖေ့ဘုတ်ပလက်ဖောင်းမှ အဓိကရယူကြပြီး ဖေ့ဘုတ်ပေါ်မှ သတင်းဌာနများ၊သက်ဆိုင်ရာခေါင်းစဉ်အလိုက် စုဖွဲ့ထားသော ဖေ့ဘုတ်ဂရုများ၊မက်စင်ဂျာများမှ သတင်း အချက်အလက်စီးဆင်းမှုမြန်ဆန်သောကြောင့်  အဓိကသိရှိကြပြီး သတင်းစာ၊ဂျာနယ်များမှ တစ်ဆင့်သိရှိမှုနည်းကြပါတယ်။ ၈၃ ရာခိုင်နှုန်းမှာ ရင်းနှီးမြှပ်နှံမှုလုံးဝ မရရှိခဲ့ကြပဲ ၁၇ ရာခိုင်နှုန်းမှာ သက်ဆိုင်ရာ လုပ်ငန်းပါတနာများမှ တစ်ဆင့် ငွေကြေးဆိုင်ရာရင်းနှီးမြှပ်နှံမှု ရရှိကြပါတယ်။ 

သက်ဆိုင်ရာ လုပ်ငန်းများ အလိုက်ကျွမ်းကျင်လုပ်သား ပြသနာကိုယ်စီရှိကြပြီး အဓိကပြသနာမှာ ကျွမ်းကျင်လုပ်သားမတည်မြဲမှု ပြသနာဖြစ်ပါတယ်။ လုပ်သားများအတွက် လုပ်ငန်းလိုအပ်ချက်အလိုက် အဖွဲ့အစည်းအတွင်း သင်တန်းများပြုလုပ်ပေးခြင်းနှင့်ပြင်ပဆိုင်ရာ ကျွမ်းကျင်သူများထံ သင်တန်းတက်ရောက်စေခြင်းများ ရှိသော်လည်း လုပ်သားအင်အားနည်းပါးမှု၊လိုအပ်သော ကျွမ်းကျင်မှု ကို ပြည့်ပြည့်ဝဝ တတ်မြောက်မှုများမှာ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါတယ်။ လုပ်ငန်းရှင်များ ကိုယ်တိုင်လည်း ဈေးကွက်ရှာဖွေခြင်း၊လုပ်သားအင်အားစီမံခြင်း၊ငွေကြေးဆိုင်ရာစီမံမှုများနှင့်ဒီဂျစ်တယ်တတ်မြောက်မှု ဆိုင်ရာများတွင် စိန်ခေါ်မှုများ ရှိနေကြောင်းပြောပါတယ်။ လုပ်ငန်းအများစုတွင် ဖေ့ဘုတ်ပေ့စ်များ ရှိနေကြပြီး ဆက်သွယ်ရေး၊ဈေးကွက်ရှာဖွေခြင်း များအတွက် အဓိက အသုံးပြုကြပြီး လူများများဆီ မိမိတို့ လုပ်ငန်းကြော်ငြာ ရောက်ရှိအောင် သက်ဆိုင်ရာလုပ်ငန်းလိုအပ်ချက်၊ရည်ရွယ်ချက်များအလိုက် တစ်လလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ (၂၀-၃၀) မှ အများဆုံး အမေရိကန်ဒေါ်လာ (၁၀၀၀-၂၀၀၀) ကြားအထိအသုံးပြုကြကြောင်း ပြောပါတယ်။ တိုးတက်လာနေသည့် ဒစ်ဂျစ်တယ်စီးပွားရေးအတွက် လုပ်ငန်းအများစုမှာ အဆင်သင့်မဖြစ်ကြပဲ စိတ်ချလုံခြုံသောဒစ်ဂျစ်တယ်ငွေပေးချေမှု၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ခိုင်မာသော ဈေးကွက်ဆိုင်ရာ အခြေခံအဆောက်အဦးတွေ လိုအပ်ချက်‌ရှိနေတယ်လို့ ပြောပါတယ်။ ကိုဗစ်ရောဂါပိုးသည် သက်ဆိုင်ရာလုပ်ငန်းများအတွက် အဓိကအခက်အခဲဖြစ်ပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်သော ကိုဗစ်ကာကွယ်ရေးဆိုင်ရာ မူဝါဒများသည် လုပ်ငန်းများအတွက် အခက်အခဲရှိကြောင်း ပြောပါတယ်။ 

နောက်ဆုံးပိတ်အနေဖြင့် ယခုကာလတွင် လုပ်ငန်းများ ရှင်သန်လည်ပတ်နိုင်ရေးသည် အဓိကဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ချေးငွေဆိုင်ရာတိကျခိုင်မာသောမူဝါဒများ၊လုပ်ငန်းများလည်ပတ်ရေးကို ထိခိုက်မှုနည်းနိုင်သော ကိုဗစ်ရောဂါဆိုင်ရာ မူဝါဒများနှင့် သတင်းတု၊သတင်းမှားများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း လုပ်ငန်းရှင်များမှ အကြုံပြုကြပါတယ်။ 

Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်