နှစ်သုံးဆယ်ကို လှမ်းကြည့်ခြင်း


ကိုဗစ်ကြောင့် သေဆုံးကြတဲ့ လူတွေ ထဲက (၆၀) ရာခိုင်နှုန်းဟာ ဆီးချိုရောဂါအခံရှိတယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်မိတော့ ကျနော် အတော်တုန်လှုပ်မိပါတယ်။ တစ်ဆက်တည်းမှာလည်း ကျနော်တို့ နေ့စဉ်စာသောက်နေထိုင်မှု ပုံစံတွေကိုလည်း ပြန်တွေးတောဆင်ခြင်မိပါတယ်။ 

ဒီနေ့ ဒီဇင်ဘာ (၁၂) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးလွှမ်းခြုံမှုစနစ်နေ့(International Universal Health Coverage Day) ဖြစ်ပါတယ်။ 

ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့က ထုတ်ဝေတဲ့ စစ်တမ်းတစ်ခုမှာ မြန်မာနိုင်ငံက အရှင်မွေးဖွားတဲ့ ကလေး အယောက်တစ်ထောင်တိုင်းမှာ (၄၄.၇) ရာခိုင်နှုန်းဟာ အသက်(၅)နှစ် မပြည့်ခင်သေဆုံးနေကြတာဖြစ်ပါတယ်။ အဆိုပါ ကိန်းဂဏန်းဟာ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် (၃၀.၈) ရာခိုင်နှုန်း၊ကမ္ဘောဒီးယား (၂၆.၆) ရာခိုင်နှုန်းနဲ့ ထိုင်း (၉) ရာခိုင်နှုန်းအစရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာကွာဟမှု ရှိနေပြီး ဒေသတွင်းနိုင်ငံတွေမှာလည်း အမြင့်မားဆုံးသေနှုန်းဖြစ်နေတာ တွေ့ရပါတယ်။ WHO က ပြုလုပ် ထားတဲ့ စစ်တမ်းတစ်ခုမှာ ကျနော်တို့ နိုင်ငံသားတွေရဲ့ ကျန်းမာရေးအတွက် လက်ငင်းအသုံးပြုရတဲ့ ငွေကြေး(Out of Pocket Expenditure) ဟာ တစ်နိုင်ငံလုံးကျန်းမာရေး စရိတ်စုစုပေါင်းထက် (၈၀) ရာခိုင်နှုန်းအထက်ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းရေးရရင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ ကိုယ်ထူကိုယ်ထ စနစ်နီးပါးဖြစ်နေခဲ့တာပါ။ 

(၂၀၁၀) မှာစတင်ပြောင်းလဲလာတဲ့ အစိုးရအဆက်ဆက် ကျန်းမာရေး ဆိုင်ရာ အသုံးစရိတ်တက်လာပေမယ့် ကျနော်တို့ အနီးအနားမှာ ကျန်းမာရေးကြောင့် အိမ်ပေါင်၊တိုက်ပေါင်၊ကားပေါင်၊ မရှိရှိတာ ရောင်းချရင်း နဲ့ တစ်ကိုယ်ရည်စာ ကျန်းမာရေး ပြသနာတွေကို ဖြေရှင်းလာရင်း မိသားစုလိုက် ဒုက္ခရောက်ကြတဲ့ ဇာတ်လမ်းတွေ၊အဖြစ်အပျက် တွေကလည်း လက်လှမ်းမှီသလောက် ကြားသိနေရပါသေးတယ်။ 

တစ်ဖက်ကလည်း အမျိုးသားကျန်းမာရေး အာမခံစနစ်ပေါ်ပေါက်လာဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တွန်းတွန်းတိုက်တိုက် လုပ်ရမှာ ဖြစ်သလို၊တစ်ဖက်ကလည်း ကျနော်တို့ရဲ့ တစ်ကိုယ်ရည်စာ ကျန်းမာကြံ့ခိုင်ရေး ကို ကိုယ်တိုင် တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ ကျနော့်ရဲ့ ကိုယ်ပိုင်အတွေ့ အကြုံ တစ်ခု ပြောပြချင်ပါတယ်။ ကျနော် ဟာလွန်ခဲ့တဲ့ နှစ်နှစ်က ပေါင်ချိန် (၁၈၀) အထိ ရောက်ခဲ့ဖူးပါတယ်။ အရပ် ငါးပေ ၇ လက်မ ရှိပြီး အဲ့အချိန်တုန်းက အသက် (၂၂) နှစ်သာ ရှိသေးတဲ့ လူငယ်တစ်ယောက်အတွက် အဝလွန်တယ် ဆိုတဲ့ ကိန်းဂဏန်းပါ။ အရက်၊ဘီယာနဲ့ အသင့်စား အစားအစာတွေဟာ ကျနော့်ကို နေ့စဉ်လည်ပတ်မှုပေးနေတဲ့ အရာတွေပါပဲ။ တစ်ရက်မှာ ကျနော်ချစ်ရတဲ့ အကိုတစ်ယောက်ဟာ ရောဂါတစ်ခုနဲ့ ကျနော်တို့ သောက်နေကြ ဘီယာဝိုင်းတွေကို ကျောခိုင်းသွားတာမျိုး ဖြစ်လာပါတယ်။ အဲ့ အချိန်မှာ ကျနော် တစ်ချက် လင်းသွားပါတယ်။ သူနဲ့ ကျနော်က ဆယ်နှစ် ကွာပါတယ်။ သူအသက် (၃၂) မှာ ဘီယာဝိုင်းတွေကို ကျောခိုင်းရတယ်ဆိုရင် ကျနော်သာဆို သူ့အသက် မရောက်ခင် ဘီယာဝိုင်းတွေကို စောစောလွမ်းခွဲရနိုင်တယ်ဆိုတဲ့ အတွေးပါ။ ကျနော်က တစ်သက်လုံး သောက်ချင်တဲ့ လူဆိုတော့ အဲ့အချိန်က စပြီး လမ်းနေ့တိုင်း လျှောက်ပါတယ်။ စစလျှောက်ချင်းမှာတော့ တော်တော်ခံစားရခက်တာပါ။ အပေါ်အလေးချိန်ကို ခြေသလုံးနဲ့ ခြေဖဝါးတွေကို ထမ်းပိုးထားရတော့ ညတွေဆို အဲ့နေရာတွေက အတော်ကိုက်ပါတယ်။ နှစ်နှစ်ကြာပြီးနောက်မှာ အခု ပေါင် (၁၅၅) ပဲ ရှိပါတော့တယ်။ ခေါင်းအလွန်ကိုက်တတ်တဲ့ ရောဂါလည်း မဖြစ်တော့တာ ကြာပါပြီ။ စိတ်ရှုပ်တာ၊စိတ်ကျတာတွေလည်း မရှ်ိသလောက်နီးပါးပါပဲ(အော်တာ၊ဆဲတာတော့ တစ်ခါတစ်လေရှိပါသေးတယ်)။ 

လူတစ်ဦးချင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံပေါ်မူတည်ပြီး တစ်နေ့ကို ခြေလှမ်း (၅၀၀၀) လှမ်းရင် တစ်နေ့တာ စားသမျှ အဆီကျပါတယ်။ ကျနော်တို့ မျိုးဆက်ဟာ အလုပ်အများကြီးကို ပြိုင်းနေအောင် လုပ်ရမယ့် မျိုးဆက်ပါ။ အရှေ့က လူတွေလည်း လုပ်တယ်ပြောကြပေမယ့် ထူးပြီးပြောင်းလဲတာမတွေ့ တော့ ကျနော်တို့ပဲ ဆက်လုပ်ရမယ့် ပုံပါပဲ။ လာမည့်နှစ်သုံးဆယ်မှာ ရန်ကုန်မြို့ ထဲ ဘောင်းဘီတိုလေးနဲ့ လမ်းလျှောက်နေတဲ့ ကျနော့်ကို တွေ့ ရင် နှုတ်ဆက်ပါဗျို့၊ 

(အပေါ်က ဒေတာတွေက မှတ်မိသေလာက် လျှောက်ထည့်တားတာ)။ ဒေတာတွေက လူတွေကို ဖမ်းစားနိုင်တယ် ပြောလို့ ငိငိ  

#အဓိကကလမ်းလျှောက်ဖို့  


Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ဟားခါး

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်