Untitled
မနေ့ညက အမေနဲ့ ညဘက် လမ်းထွက်လျှောက် ဖြစ်တယ်။ အိမ်အနီးအနား က လမ်းမီးတိုင်ဝါ၀ါ တွေရှိတဲ့ လမ်းတွေပါပဲ။ မမျှော်လင့်ပဲ ကျနော့်အသိ ပွဲရုံပိုင်ရှင်တစ်ယောက် ချွေးသံတစ်ရွှဲရွှဲနဲ့ ပြေးလာပြီး နှုတ်ဆက်တယ်။ ရုတ်တရက်ဆိုတော့ အမေ တော်တော်လန့်သွားပုံပါပဲ။ ကျနော့် အတွက်ကတော့ အဲ့လူ ပြေးနေကြဆိုတာ သိတော့ သိပ်မထူးဆန်းတော့ဘူး။ နေကောင်းလား အစရှိတဲ့ အစချီစကားတွေ နည်းနည်းပြောကြရင်းနဲ့ ဒီရက်ပိုင်းတွေ ညဘက် အလုပ်ပြီးမှ ထွက်ပြေးဖြစ်တယ်လို့ ပြောတယ်။ ကျနော်စိတ်ထဲ ရုတ်တရက် စင်ကာပူက ညတစ်ညကို ပြန်ရောက်သွားတယ်။ Conference တက်ဖို့ ရောက်လာတဲ့ နိုင်ငံပေါင်းစုံက ကျောင်းသားလူငယ်တွေကို လက်ခံစီစဉ်ပေးတဲ့ အဖွဲ့က Temasek Polytechnic မှာ ထားတယ်။ တစ်ရက် ည(၁၁) နာရီလောက် ကျနော်အပါအဝင် စင်ကာပူ၊ဖိလစ်ပိုင်နဲ့ အင်ဒိုက ကောင်တွေက ဆေးလိပ်သောက်ချင်လာလို့ ဆိုပြီး Temasek ရဲ့တစ်လမ်းကျော်က 7/11 ကို ဆေးလိပ်ထွက်ဝယ်ချိန်မှာ စင်ကာပူနိုင်ငံသား နှစ်ယောက်က လမ်းမီးတိုင်တွေအောက်မှာ ချွေးသံတစ်ရွှဲရွှဲနဲ့ ပြေးနေကြတာတွေ့တော့ ကျနော် အတော်အံ့သြသွားတယ်။ အတူပါလာတဲ့ စင်ကာပူက သူငယ်ချင်းကို ဘာလို့ သူတို့က ဒီအချိန်မှ ပြေးကြတာလဲ ဆိုပြီး မေးကြည့်တော့ မနက်အဆိုင်းပြီးလို့ ထွက်လာတဲ့ လူတွေ နေမယ် တဲ့။ သူတို့ဆီမှာ လေ့ကျင့်ခန်းလုပ်တဲ့ လူတွေက အဲ့လိုပဲ၊ အလုပ်ပြီးတဲ့အချိန် လေ့ကျင့်ခန်း လုပ်တာတဲ့။ ကျနော်လည်း အမှတ်တမဲ့ မင်းတို့က စက်ရုပ်တွေပဲလို့ ပြောလိုက်မိတယ်။ ကျနော် သူငယ်ချင်းလည်း တစ်ချက် ငြိမ်သွားပြီး ဟုတ်တယ်လို့ ပြန်ဖြေတယ်။
ကျနော်စိတ်ထဲ ပြေးပြီးလာနှုတ်ဆက်တဲ့ ပွဲရုံပိုင်ရှင် ကျနော့် အသိဟာ စက်ရုံဖြစ်သွားပြီး ကျနော်နေတဲ့ ရန်ကုန်ဟာလည်း စက်ရုပ်ဆန်လာတာကို သတိထားမိသွားတယ်။ တစ်ဆက်တည်း တွေးမိတာ ကျနော့်အသိပြောတဲ့ ထွက်ပြေးဆိုတဲ့ စကားလုံးပဲ။ ကျနော်တို့ ဘယ်အရာတွေကနေ ထွက်ပြေး နေခဲ့ ကြသလဲ ဆိုတာလည်း ဆက်တွေးမိတယ်။
Comments
Post a Comment