Revolution 01

အခုရောက်နေတဲ့ နေရာနဲ့ပတ်သတ်ရင် The Terminal ထဲက Tom Hanks လို အမြဲခံစားရတယ်။ ငါရောက်နေတာ လေဆိပ်တစ်ခုတော့ မဟုတ်ဘူးပေါ့။ ငါတို့သွားချင်တဲ့နေရာကိုလည်း သွားဖို့ခက်ခဲ၊ နောက်ပြန်လှည့်လည်းမရတဲ့ အနေအထားပေါ့။ ဂွတော့ကျတယ်နော်။ Tom Hanks ကြီးကတော့ ရုပ်ရှင်ထဲမှာ သူ့နိုင်ငံကို ကာလတစ်ခုအကြာမှာ ပြန်ခွင့်ရလိုက်တယ်။ ငါကတော့ ဘယ်အချိန် အိမ်ပြန်ရောက်မလဲ သေချာမသိဘူး။ ရက်ကနေ လကို စားသုံး၊ ကုန်ဆုံးလာတာတော့ ကာလတစ်ခုကြာခဲ့ပြီ။ ငါဒီမှာတွေ့တဲ့ ဦးလေးတစ်ချို့ဆို (၈၈) ကတည်းက အိမ်ကထွက်လာတာ အခုထိကို အိမ်ပြန်မရောက်ဘူးတဲ့။ အိမ်ဆိုတဲ့ စကားလုံးနေရာမှာ သူတို့အသံတွေ တိမ်ဝင်သွားတာ၊ မျက်လုံးတွေဟာ တစ်နေရာရာကို လွမ်းဆွေးသတိရသွားတာကို သတိထားလိုက်မိတယ်။ နောက်တော့လည်း အခုနေရာဟာ ငါတို့အိမ်ပဲပေါ့ကွာဆိုပြီး သူတို့ရဲ့ လက်ရှိအခြေအနေကို လက်ခံကြတယ်ဆိုတဲ့ ပုံစံနဲ့ စကားဝိုင်းကို သိမ်းလိုက်ကြတယ်။ သူတို့ကိုကြည့်ပြီး ယုံကြည်ချက်တစ်ခုကြောင့် နှစ်များစွာကြာကြိုးစားရတာ တကယ်ရော တန်ရဲ့လားလို့ ငါတွေးမိတယ်။ ဒါပြီးသွားတော့ရော ဒီနိုင်ငံဟာ ပြီးမယ်သေချာလားလို့လည်း ငါဆက်တွေးမိတယ်။ တစ်ဆက်တည်းမှာပဲ ပြီးမယ်ဆိုတဲ့ ကာလကို အနီးကပ်စောင့်ကြည့်ချင်စိတ်လည်း ဖြစ်တယ်။ စူးစမ်းလိုစိတ်လို့ပဲ ပြောရမလား၊ မသိဘူး။ ငါအခုလို ထွက်လာတာလည်း ဘာများဖြစ်မလဲ၊ ဘာများရှိမလဲ ဆိုတဲ့ စူးစမ်းလိုစိတ်က အဓိက ကျမယ်ထင်တယ်။

Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ကိုဗစ်နှင့် ရန်ကုန်မြို့ ရှိ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအခြေအနေ

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်