Complexity

တကယ်တော့ ကိုကိုဟာ ဆရာဝင်းမြင့်ရဲ့ ကဗျာ တစ်ပုဒ်ထဲကလို ပွန်းပဲ့နေတဲ့ဌက်တစ်ကောင်ပါ ညီမလေးရေ ကိုကို့ဘဝမယ် ဘယ်အရာတွေကြောင့် အသက်ရှင်ရတာလဲ(What’s the meaning of life?) ဆိုတဲ့ ဘဝရဲ့ အဓိပ္ပာယ် စစ်စစ်တွေကို လိုက်ရှာလေ့ရှိတဲ့ကောင်ပါ။ ဂျပန်လိုဆို IKIGAI ပေါ့။ တစ်ချို့အချိန်တွေမှာ ရှင်သန်ရခြင်းအတွက် အဓိပ္ပာယ်စစ်စစ်တွေ တွေ့ခဲ့ပါတယ်။ ဉပမာ ကိုကို့တူမလေး မွေးဖွားလာချိန်မျိုးတွေမှာပေါ့။ မိဘရဲ့ချစ်ခြင်းမေတ္တာငတ်မွတ်လွန်းသူလေးကို တကယ့်မေတ္တာတရားဆိုတာ ဘယ်လိုမျိုးပါလို့ ပြသချင်မိတဲ့ အတ္တဆန်ဆန်စိတ်ယင်းထမိချိန်မျိုးတွေ.... ပြန်တွေးမိတော့ ကိုကိုဟာ တကယ်ပဲ မေတ္တာတရားကို ပြသချင်သူလား။ အတ္တကြီးသူလားဆိုတာ ကိုယ်တိုင်လည်း မသိပါဘူး။ ကိုကိုသိတာ တူမလေးအတွက် လူကိုလူလို တန်ဖိုးထားတဲ့ တရားမျှတ၊လွတ်လပ်ငြိမ်းချမ်းတဲ့ အသိုက်အဝန်းတစ်ခုမှာ ရှင်သန်စေချင်ရုံပါပဲ။ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ ဖက်ဆစ်စစ်တပ်ဟာ ကိုကိုတို့ကို အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းခံလိုက်ရကတည်းက ကိုကိုဟာ ဒင်းတို့ကို သေနတ်၊သေနတ်ချင်း လက်နက်၊လက်နက်ချင်း ယှဉ်မှရတော့မယ်လို့ ယေဘူယျအားဖြင့် နားလည်ခဲ့ပါတယ်။ သို့သော် ကိုကိုဟာ လူစုလူဝေးကြောက်သူ တစ်ယောက်မှတ်လား။ ကိုကိုတတ်နိုင်တာဆိုလို့ စကားလုံးတွေရဲ့ စွမ်းဆောင်ရည်တွေကို ညှစ်ထုတ်ပေးရုံနဲ့ အကောင်အထည်ဖော်မယ့်လူတွေကို လူထုက သိစေရုံပဲ တတ်နိုင်ခဲ့တာ မဟုတ်လား။ ကိုယ်တတ်နိုင်တာပဲ လုပ်ခဲ့ပါတယ်။ အာဏာမသိမ်းခင်မှာ သိမ်းမယ်လို့ ယူဆကြတဲ့ ဆန်းစစ်လေ့လာချက်မျိုးကို (၂) ပတ်အလိုမှာ ကိုကို့အလုပ်ကနေ သတိပေးစာရခဲ့ပါတယ်။ အာဏာသိမ်းနိုင်တယ်လို့ အခြေအနေအရပ်ရပ်တွေကို (၇၅) ရာခိုင်နှုန်း နားလည်ပေမယ့် မသိမ်းနိုင်ဘူးဆိုတဲ့(၂၅)ရာခိုင်နှုန်းကတော့ စိတ်အားသာခဲ့တာ အမှန်ပါပဲ။ ဘာကြောင့်လဲဆို ကိုကို့မှာ လူ့အဖွဲ့အစည်းအတွက် လုပ်ချင်တာတွေ လုပ်နိုင်တဲ့ အခြေအနေနဲ့အားအင်တွေလည်းရှိ၊ အနာဂတ်တွေလည်း ရှိခဲ့တာကို.... အသားစီးရပြီးသားလူတွေဟာ အသာရပြီးသားအခြေအနေမှာ အနိုင်ထပ်ရဖို့ မလုပ်နိုင်ဘူးလို့ တွေးမိခဲ့တာကို။ ဖက်ဆစ်စစ်တပ်အာဏာသိမ်းလိုက်ချိန်မှာ ကိုကိုတွေးမိတာ တစ်ခုပဲ ရှိတယ်။ နိုင်ငံရေးအရ အသာရပြီးသား လူတွေကို အနိုင်ထပ်မပေးဖို့ပါပဲ။ ဒါကြောင့် ကိုကိုဟာ ကိုကိုချစ်တဲ့အရာမှန်သမျှကို စွန့်ခွာခဲ့တယ်။ ကိုယ်ယုံကြည်ရာလမ်းကို ကျည်မကြောက်၊ ဓားမကြောက် လျှောက်ခဲ့တာပါပဲ။ ဒီနေရာမှာ ကိုကိုဟာ နိုင်ငံရေးသမား မဟုတ်ပေမယ့် ကိုကိုယူခဲ့ရတဲ့ဝာာဝန်အရ ကို့ကို့လက်မှာ သွေးတွေ သိသိသာသာ မစွန်းပေမယ့် စွန်းသယောင်ယောင် ဖြစ်ခဲ့ရချိန်တွေ ရှိခဲ့တာကိုလည်း ဝန်ခံပါတယ်။ ဒီကာလမှာ လူတိုင်းရဲ့ စိတ်ထဲမှာ သွေးစွန်းပြီးသားလို့ ကိုယ်တော့ မှတ်ယူတာပဲ။ ကိုယ့်စိတ်ကလေး သက်သာရာ ရဖို့အတွက် စကားလုံးတွေ၊ အခြေအနေတွေကို လူတိုင်းဖန်တီးနေကြတာပဲလို့ ကိုကိုတော့ ထင်တယ်။ ဒီလို ဖန်တီးကြတာကိုလည်း ကိုကိုတော့ နားလည်တယ်။ ကိုကိုကိုယ်တိုင်တောင် စာတွေ ရေးပြီး သက်သာရာရှာသလိုမျိုးပေါ့။ လူတိုင်းဟာ ဒီအခြေအနေတွေကို လက်မခံနိုင်ကြတာတော့ သေချာတယ်။ လက်မခံနိုင်ကြောင်းကို တုံ့ပြန်တဲ့ပုံစံချင်း မတူညီကြတော့ တစ်ယောက်တုံ့ပြန်တဲ့ပုံစံကို တစ်ယောက်နားမလည်ကြတာလို့ပဲ ကိုကိုတော့ ယုံကြည်မိပါတယ်။ စာတွေက ဟိုရောက် ဒီရောက်ပါပဲ။ အခု ဒီစာကို Laptop နဲ့ ရေးပြီး Blog မှာ တင်နိုင်ပေမယ့် နောင်လာမယ့်ရက်တွေမှာ ရေးတင်နိုင်ဖို့ မလွယ်ကူတဲ့ အခြေအနေမျိုးတွေပေါ့။ ကိုကို ဘာဆိုလိုလဲ မင်းသိပါတယ်။ စောဝဏ္ဏ 12/2/2022 Photo credit to Orginal Creator

Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ကိုဗစ်နှင့် ရန်ကုန်မြို့ ရှိ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအခြေအနေ

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်